သုံးခွ မေ ၂၄
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံ ပညာ ကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်း လက်ခံရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ် ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျောင်းသား /သူများ၊ မိဘအုပ်ထိန်းသူများအား Social Distancing စနစ်ဖြင့် လူစု လူဝေး မဖြစ်ပေါ် စေရေး အတွက်တစ်ဦးနှင့်တစ်ဦး လေးပေအကွာတွင် တည်ရှိစေရန် မျဉ်းများ စနစ်တကျရေးဆွဲသတ်မှတ်ကာ နှာခေါင်း စည်းများ တပ်ဆင်လာစေခြင်း၊ လက်ဆေး ဘေစင်များ ထားရှိကာ စနစ်တကျလက်ဆေးစေခြင်း၊ ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သုံးခွမြိုနယ်တွင် အခြေခံပညာအ.ထ.က ကျောင်း(၁၀)ကျောင်း၊ အ.ထ.က(ခွဲ) (၁၀)ကျောင်း၊ အ.လ.က (၉)ကျောင်း၊ အ.လ.က(ခွဲ) (၉)ကျောင်း၊ မူလွန်(၁၀)ကျောင်း၊ အ.မ.က(၉၇)ကျောင်း၊ အ.မ.က(ခွဲ)(၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၆)ကျောင်းစုစုပေါင်း(၁၅၂)ကျောင်းရှိပြီး ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံ တော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အထက(၁)ကျောင်းအုပ်ဆရာကြီး ဦးမြင့်သိန်းထံမှ သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးအတွက် မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့ အထိ ကျောင်းအပ်နှံခြင်း လက်ခံဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်