ကျောက်ဖြူ မေ ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓညဝတီအားကစားရုံ၌ ကျင်းပပြုလုပ်မည့် မြို့နယ်ပေါင်းစုံ ကရာတေး ဒိုသရုပ်ပြပြိုင်ပွဲနှင့် မြန်မာ့သိုင်းစွမ်းရည်ပြပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောက်ဖြူမြို့ နယ်မှ အားကစားသမားများမှာ မြို့မအားကစားကွင်းရှိ မိုးလုံလေလုံခန်းမတွင် အထူးလေ့ကျင့် လျက်ရှိကြောင်း သိရသည်။
ကရာတေးဒို စွမ်းရည်ပြပြိုင်ပွဲနှင့် သရုပ်ပြပြိုင်ပွဲတို့တွင် ကျောက်ဖြူမြို့နယ်၊ လေးဝတီကရာတေးဒို အသင်းမှ သင်တန်းနည်းပြဆရာ ဦးစံငြိမ်းဦးဆောင်သည့် အသင်းသား၊ အသင်းသူများထဲမှ (၃၀) ဦး၊ (၁၀)ဦး၊ (၅)ဦး၊ (၃)ဦးတို့ဖြင့် အဖွဲ့လိုက်သရုပ်ပြခြင်းနှင့်၊ (၁)ဦးချင်းသရုပ်ပြခြင်းတို့ဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ မြန်မာ့သိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် ရမ္မာဝတီသိုင်းအဖွဲ့မှ အသင်းသားများက မြန်မာ့သိုင်းအခြေခံ ၆၃ မောင်း စွမ်းရည်ပြသခြင်း၊ အဖွဲ့လိုက်တုတ်သိုင်းစွမ်းရည်ပြသခြင်း၊ တစ်ဦးချင်း ဓါးနှစ်လက် စွမ်းရည်ပြသခြင်း၊ တစ်ဦးချင်းတုတ်သိုင်း စွမ်းရည်ပြသခြင်းနှင့် တစ်ဦးချင်း လက်သိုင်း စွမ်းရည်ပြသခြင်းများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ဇွန်လဆန်းမှစတင်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းနှင့် ၎င်းပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောက်ဖြူမြို့မှ ကရာတေးဒိုနှင့် မြန်မာ့သိုင်း အားကစားသမားများမှာလည်း ဝတ်စုံပြည့်ဖြင့် အထူးလေ့ကျင့်လျက်ရှိကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း