ရန်ကုန် မေ ၂၄
ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးတွင် အထူးကုပြင်ပလူနာဌာနအပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများ ပြန်လည်ဖွင့်လှစ်ကာ ပြင်ပလူနာ၊ အတွင်း လူနာများအား ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
ဖျားနာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေးနှင့် အရိုးရောဂါဝေဒနာရှင်များအနေဖြင့် အထူးကု ပြင်ပ လူနာဌာနတွင် ၂၄ နာရီ လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်နိုင်ပြီဖြစ်ပြီး အရေးပေါ်ပြင်ပ လူနာ ဌာနကိုလည်း နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ)ပြည်သူ့ဆေးရုံကြီးတွင် ကုသ ပေးလျက်ရှိသည်။
သို့ဖြစ်၍ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ လာရောက် ဆေးဝါး ကုသမှု ခံယူနေကြသည့် လူနာများနှင့် လူနာစောင့်များအား ဆေးကုသပေးမှုနှင့် စပ်လျဉ်းပြီး တွေ့ဆုံ မေးမြန်းထားသည်များကို တင်ပြလိုက်ရသည်။
သားဖွားမီးယပ်ဌာနတွင် လာရောက် ဆေးကုသမှု ခံယူနေသည့် ဒေါ်သူဇာဝင်း၏ လူနာစောင့် ဒေါ်ဇာဇာထွန်း (ရန်ကုန်တိုင်းဒေသကြီး သာကတမြို့နယ်)
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ကလာတာပါ။ လူနာကရိုးရိုး မမွေးနိုင်လို့ ခွဲမွေးဖို့ ဒီဆေးရုံကြီး ကို လာခဲ့တာပါ။ ဆေးရုံမှာ ကုန်ကျစရိတ် အခမဲ့ဆိုတော့ ဘာအခက်အခဲမှမရှိပါဘူး။ မနေ့ကဘဲ အောင်မြင်စွာခွဲမွေးပြီးတာပါ။ ဒီလိုအခြေအနေမျိုးမှာ ဆေးရုံတွေပြန်ဖွင့်ပေးတာ အရမ်းဝမ်းသာပါတယ်။
တီဘီရောဂါ ကုသရေးဌာနတွင် ဆေးကုသမှုခံယူနေသည့် ကိုအောင်ဆန်းဦး (ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်) ကျွန်တော်က မြောက်ဥက္ကလာပမြို့နယ်မှာ နေပါတယ်။ တီဘီရောဂါနဲ့ ဒီကို ရောက်လာတာပါ။ ဆရာဝန်၊ ဆရာမတွေကလည်း တစ်ခုခုဆိုတာနဲ့ ဂရုစိုက်ပေးကြပါတယ်။ ဒီမှာက အဆင်ပြေပါတယ်။ ဆေးရုံကတော့ ဘယ်နေ့ဆင်းရမယ် မသိပါဘူး။ ဆေးစစ်ချက်တွေက မရသေးတဲ့ အတွက်ပါ။ အပြင်ကနေ ဝယ်ရတဲ့ဆေးဝါး ကုန်ကျစရိတ်တော့ ရှိပါတယ်။ ကျန်တဲ့ ဆေးဝါးတွေကတော့ မဝယ်ရပါဘူး။ ဆေးရုံက ပေးတာတွေလည်းရှိပါတယ်။ ဆေးရုံမှာ အချိန်ပြည့် ကြည့်ရှုပေးမယ့် ဆရာဝန် တွေ ရှိနေတာကိုက လူနာတွေ အတွက် ကံကောင်းတာပါ။
ဆီးချိုရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေသည့် ဒေါ်ယဉ်မိုး (ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်)
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇနဥယျာဉ်မြို့တော်မှာ နေပါတယ်။ ဆီးချိုရောဂါဖြစ်လို့ လာပြတာပါ။ အရင်ကတော့ ဘယ်မှာပြရမှန်းမသိတာနဲ့ ပေါ့ပေါ့ဘဲနေခဲ့မိပါတယ်။ ခုတော့ အသိတစ်ယောက် ရဲ့လမ်းညွှန်ပေးမှုနဲ့ ဒီဆေးရုံကို ရောက်လာခဲ့တာပါ။ ကုန်ကျစရိတ်တော်တော်များများက အခမဲ့ဆိုတော့ ကျွန်မတို့လို အခြေခံလူတန်းစားပြည်သူတွေ အတွက် ဒီအချိန် ဒီကာလမှာ ဆေးရုံတွေပြန်ဖွင့်ပေးတာကို အတိုင်းမသိဝမ်းသာပါတယ်။
သားဖွားမီးယပ်ဌာနတွင် မီးဖွားမည့် ဒေါ်လှိုင်လှိုင်မိုး၏မိခင် ဒေါ်စန်းရီ(ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်)
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၉၃)ရပ်ကွက်ကလာတာပါ။ ကျွန်မကလူနာရဲ့မိခင်ပါ။ လူနာကိုတော့ ဒီနေ့ညနေမှာ ခွဲမွေးမှာပါ။ ဆရာဝန်တွေကလည်း ဂရုစိုက်ကြပါတယ်။ အခုတော့ မခွဲရသေးပါဘူး။ ခွဲမွေးရမယ်ဆိုတော့ ကုန်ကျစရိတ်တွေ မတတ်နိုင်ပါဘူး။ ဒါကကိုယ့်ပြည်သူ့ဆေးရုံကြီးဆိုတော့ အကုန်အကျလည်း သက်သာတယ်။ ပစ္စည်းကိရိယာလည်း စုံလင်တယ်။ ဂန္ဒီပြည်သူ့ဆေးရုံကြီးကို အစစ အရာရာ အားကိုးပြီး လာတာပါ။ လာတုန်းကတော့ ဆရာဝန်တွေများ ရှိပါ့မလားဆိုပြီး အားငယ်စိတ် ဖြစ်မိတယ်။ ဒီကျတော့ ဆရာဝန်၊ ဆရာမတွေ ရှိတယ်။ လိုအပ်တာတွေလည်း စီစဉ်ပေးတဲ့အခါကျတော့ အားရှိတာပေါ့။ ဆေးရုံမှာက သူ့ဟာနဲ့သူ ဆရာဝန်တွေရှိတယ်။ ဆေးလာကုနေတဲ့ လူနာတွေ ရှိတယ်။ အခု ကာလက ငွေရေးကြေးရေး အကျပ် အတည်းရှိတဲ့ အချိန်ဆိုတော့ ပြည်သူ့ဆေးရုံတွေကပဲ အားကိုး စရာရှိတာပါ။
ယခုအခါ ရန်ကုန်အရှေ့ပိုင်း(ဂန္ဒီ) ပြည်သူ့ဆေးရုံကြီးသို့ တစ်နေ့လျှင် ပြင်ပလူနာ ဦးရေ (၆၀) ဦးခန့် လာရောက်ပြသ လျက်ရှိပြီး အတွင်းလူနာဦးရေ (၂၀) ဦးခန့် တက်ရောက်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဆေးရုံတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
စန္ဒာမိုး၊ လင်းလင်းထွန်း(ပြန်/ဆက်)