တောင်ဥက္ကလာပ မေ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် မေလ (၂၄) ရက်နေ့မှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား/ကျောင်းသူ များမှ ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နှင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်စေရန်အတွက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျောင်းများတွင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အခြားလိုအပ်သည့် ပြင်ဆင်မှုများ ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၄၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (၃) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၈) ကျောင်းတို့အား မေလ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ်လက်ခံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းအပ်နှံရာတွင် နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းလုံးဝမရှိပါ ကြောင်းနှင့် ကျောင်းသုံးပြဋ္ဌန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်းနှင့် Face Shield တို့ကိုလည်း အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)