မိတ္ထီလာ မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်း များအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်အခြေခံပညာဦးစီးဌာနက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာစာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အခြေခံပညာ စာသင်ကျောင်းများတွင် တာဝန်ကျ ကျောင်းအုပ်ဆရာကြီးများနှင့်အတူ ဆရာ/ဆရာမများက ကျောင်းအပ်နှံသည့်ကျောင်းသားကျောင်းသူများအား အခမဲ့ဆောင်ရွက်ပေးသည့်အပြင် နိုင်ငံတော်က ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် Mask ၊ face Shield တို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို မိတ္ထီလာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၆)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁၂)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၁၈)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(၂၂၁)ကျောင်းများတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်