မိုင်းယု မေ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန် အတွက် မေလ (၂၄) ရက်နေ့မှ စတင်ကာ (၃၁)ရက်နေ့အထိ မိုင်းယုဒေသအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အချက် (၃၃) ချက်ဖြင့်အညီ ဆောင်ရွက်ပေးကာ ကျောင်းအပ်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိဘဲ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီလျှင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ မျက်နှာအကာနှင့် နှာခေါင်းစည်းတို့ကို အခမဲ့ထုတ်ပေးလျက်ရှိပြီး ဇွန်လ(၁)ရက်နေ့၌ ကျောင်းများ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းယုဒေသတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ပြန်လည်ဖွင့်လှစ်ကြသည့်ကျောင်း အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁)ကျောင်း၊ မူလတန်း(လွန်) ကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၅)ကျောင်းရှိပြီး စုစုပေါင်း ကျောင်း(၈)ကျောင်းရှိကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)