အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရရှိတော်မူသည့် ရခိုင်ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပ

စစ်တွေ  မေ ၂၃

စစ်တွေမြို့၊ ဓမ္မသုခ ကျောင်းတိုက် ပဓာနနာယက၊ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ကြီးအား တပည့်တကာ၊ တကာမများမှ ထပ်ဆင့်ဂုဏ်ပြုပွဲ၊ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဓမ္မသုခကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသောဆရာတော်သံဃာတော်များနှင့် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ရက္ခမဏ္ဍိုင်မင်္ဂလာစည်တော်ဝိုင်းအဖွဲ့မှ သရဏဂုံ ဓမ္မဂီတိဖြင့် ပူဇော်ဖွင့်လှစ်ကြသည်။ ဆက်လက်၍ မင်းကန်နိကာဂိုဏ်းအုပ်၊ ဂိုဏ်းချုပ်၊ တင်းကုတ်ဆရာတော် ထံမှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ အမှူးပြုသောပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဂုဏ်ပြုခံဆရာတော်နှင့် ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော်များက မေတ္တာသုတ် ပရိတ်တရား ရွတ်ပွားချီးမြှင့်ကြကာ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး၏ ထေရုပတ္တိ အကျဉ်းကို သဒ္ဓမ္မရတနာ(မြေငူကျွန်း) ဆရာတော်ဘဒ္ဒန္တ သုဝဏ္ဏကဖတ်ကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစံရွှေမောင်၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ တပည့်တကာ၊ တကာမတို့က နိုင်ငံတော်က ချီးမြှင့် ပူဇော်သော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ထပ်ဆင့် ဂုဏ်ပြုသော ဘွဲ့တံဆိပ်တော်၊ တပည့်တကာ၊ တကာမများက ထပ်ဆင့်ဂုဏ်ပြုသော ဘွဲ့တံဆိပ်တော်နှင့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များအား ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ပညာမဂ္ဂင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမနက ပူဇာရဟဂါထာ တော်ဖြင့် ရွတ်ဖတ်ပူဇော်ကာ ရက္ခမဏ္ဍိုင်မင်္ဂလာစည်တော်ဝိုင်းအဖွဲ့မှ ဦးမောင်လှဝင်းက မင်္ဂလာပိုဒ်စုံရတုဖြင့် ပူဇော်သည်။ ထို့နောက် ထပ်ဆင့်အပူဇော်ခံ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံ ဆိပ်တော်ရ ဘဒ္ဒန္တသောမထံမှ ဩဝါဒကထာနှင့် ရေစက်ချအနုမောဓနာ တရားနာကြားခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဆရာတော်ကြီး များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ထွန်း