တာမွေမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

ရန်ကုန်  မေ  ၂၄

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွေကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းအချိန်မှ စတင်၍ ကြိုတင်ပြင်ဆင်မှုများ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

"ယခု မေလ (၂၄)ရက်ကစလို့ ဆရာမကြီးတို့အနေနဲ့ အခြေခံပညာအဆင့် ကျောင်းအပ်လက်ခံမှုတွေကို ဆောင်ရွက်ပေးသွားမှာပါ။ တစ်ချို့မိဘတွေအနေနဲ့ ၎င်းတို့သားသမီးတွေရဲ့ လုံခြုံရေးအတွက် အနည်းငယ် စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ အဲအတွက်လည်း ဆရာမကြီးတို့အနေနဲ့  တပ်မတော်၊ ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများဖြင့် ကျောင်းအတွင်း/အပြင် လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိကြောင်း" တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ခင်စမ်းရီ က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ အခြေခံပညာ ကျောင်းသား/သူဦးရေ(၁၂၁၂၆)ဦးကို ကျောင်းအပ်လက်ခံပညာ သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာတော့ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားနေတဲ့ အတွက် အခြေခံပညာ ကျောင်းတွေကို အချိန်တစ်နှစ်ခန့် ပိတ်ထားခဲ့ရပြီး ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာတော့ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တက်ရောက်မည့် ကျောင်းသားနှင့် ဆရာ/ဆရာမ အရေအတွက်ပေါ် မူတည်ပြီး A , B , C , D အဆင့်အလိုက် ဖွင့်လှစ်ပညာသင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံရာတွင် မည်သည့် အခကြေးငွေမှ လက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဋ္ဌန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ (Face shield) တို့ကို နိုင်ငံတော်မှ (အခမဲ့) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)