ချင်းရွှေဟော် မေ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည် (၁)နာရီအချိန် က အထကကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချင်းရွှေဟော်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင် က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက် ထားသည့်အခြေအနေများ၊ ကျောင်းအပ်လက်ခံရေးကိစ္စရပ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ထားမှုများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ အားလုံး ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့် လုံခြုံမှုရှိစေရန် စီမံထားမှုများနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး စာသင်ကျောင်းသို့ရောက်ရှိ၍ ပညာသင်ကြားခွင့်ရရှိနိုင်ရန်အတွက် မိဘပြည်သူများအားလုံး ပညာသင်ကြားရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ချင်းရွှေဟော် နယ်မြေခံတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး လှိုင်မျိုးထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်သူရစိုး၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီအဖွဲ့ဝင်များနှင့် မိဘဆရာအသင်းကော်မတီဝင်များ က ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် စာသင်ကျောင်းအတွက် အခြားလိုအပ်သည်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့၊ အခြေခံပညာအထက်တန်းကျောင်းကို မေလ (၂၄)ရက်နေ့မှ (၃၁)ရက်နေ့ အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ(၁)ရက်နေ့မှ စတင်၍ ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)