မိုင်းယောင်း မေ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်အတွင်း သွားလာရခက်ခဲသော တောင်ပေါ် တိုင်းရင်းသားကျေးရွာများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယမန်နေ့က ဟွေဖကျေးရွာအုပ်စု၊ ဟွေဖ(ရွာဟောင်း)နှင့် ဟွေဖ(ရွာသစ်)ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်သည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းနေအရွယ် ကလေးသူငယ်များ ကျောင်းအပ်နှံရေး၊ ဉာဏ်ရည်ထက်မြက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် အာဟာရဖြည့်မုန့်များ၊ နို့ဗူးများ၊ အချိုရည်များ၊ ချိုချဉ်များ ပေးဝေခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမြတ်သူ၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ ကျေးရွာအုပ်စုစီမံအုပ်ချုပ်ရေးမှူး ဦးထေဗို့နှင့် တာဝန်ရှိသူများက ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုခြင်း၊ ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လိုက်လံအားပေးစကား ပြောကြားခြင်း၊ ဟွေဖ(ရွာဟောင်း)ရှိ ရှေးဟောင်းသမိုင်းဝင် ထပ်နောင်အော်ကြောင်မိုင်း စေတီပြုပြင်ရေး၊ ကျေးရွာများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးသည်။
ထို့နောက် နှာခေါင်းစည်းများ၊ ဆီ၊ ဓာတ်ဆားထုပ်၊ ခေါက်ဆွဲခြောက်၊ ဆား၊ ဟင်းချိုမှုန့်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ အာဟာရဖြည့်မုန့်များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ဝမ်းလျောဝမ်းပျက်ရောဂါ ကြိုတင်ကာကွယ်ရေး သန့်ရှင်းသော ရေလုံအိမ်သာဆောက်လုပ်နိုင်ရန်အတွက် အိမ်သာခွက်များ၊ ပိုက်လုံးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း