မိုင်းယုမြို့၌ အခြေခံပညာကျောင်းများကို ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး  ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

မိုင်းယု ‌မေ ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊  နယ်စပ်ဒေသ မိုင်းယုမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန်နှင့်ဆရာ/ ဆရာမများ ဇွန်လတစ်ရက်နေ့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် မိုင်းယုဒေသတွင်းရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်း အသီးသီးတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြသည်။

မိုင်းယုဒေသရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ အေးချမ်း စွာ ပညာသင်ကြားနိုင်ရန်အတွက်  ကြိုတင်ပြင်ဆင်မှုများနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ စေရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာအဖွဲ့များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အချက် ၃၃ ချက်ဖြင့် အခြေခံပညာကျောင်းများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြခြင်း၊ ကျောင်းဝင်းအတွင်းရှိ အမှိုက်များ ခုတ်ထွင်းရှင်းလင်းခြင်းများ စုပေါင်း ဆောင်ရွက်ခဲ့ ကြသည်။

မိုင်းယုဒေသတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ပြန်လည်ဖွင့်လှစ်မည့်ကျောင်း အထက်တန်း ကျောင်း(၁) ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁)ကျောင်း၊ မူလတန်း ကျောင်း(၅) ကျောင်းရှိပြီး  စုစုပေါင်း(၈)ကျောင်းရှိရာ ၎င်းတို့ကို မေလ (၂၄)ရက်နေ့မှစ၍ ကျောင်းအပ်နှံရေး အစီအစဉ် များ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မည်သည့် အခကြေးငွေ ယူဆောင်ခြင်းမျှမရှိဘဲ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ မျက်နှာအကာနှင့် နှာခေါင်းစည်းတို့ကို အခမဲ့ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)