ကျောက်ဆည် မေ ၂၄
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို နှင့် အဖွဲ့၀င်များသည် ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျောက်ဆည်မြို့၊ ဖောင်ရွာ ရပ်ကွက်၊ နေလသုခဓမ္မာရုံတွင် မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်ကြီးများအား ဖူးမျှော်ကြည်ညို ပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားရာ မြို့နယ်သြဝါဒါစရိယဥက္ကဋ္ဌ ဘဒ္ဒန္တစန္ဒိမာ ငွေတွင်း တူးရဆရာတော်မှ သြဝါဒစကားမြွက်ကြားပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ဆရာတော်ကြီးများထံသို့ ၀တ္တုငွေနှင့်လူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျောက်ဆည်မြို့ မြို့ရှောင်လမ်း၊ ဇော်ဂျီမြစ်ပေါ်ရှိ သော်တာ ဝင်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိသော မြစ်ကူး တံတားအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့တော်ခန်းမတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အကောင်အထည်ဖော်ဆောက်ရွက်လျက်ရှိသော လုပ်ငန်း များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ ဒေသရှိ ပြည်သူများအတွက်လိုအပ်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌ ဦးမောင်ကိုက လုပ်ငန်းများ ဖြည့်ဆည်း ပေးနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)