ပုဏ္ဏားကျွန်း မေ ၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ သောက်သုံးရေ အခက်ခဲကြုံတွေ့ နေသော အထက်မြတ်လှဲကျေးရွာ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းသို့ ယနေ့ နံနက်(၁၁)နာရီက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(ပုဏ္ဏားကျွန်း)မှ သောက်သုံးရေ လီတာ(၆၀၀၀)ကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့သွားရောက်လှူဒါန်းခဲ့ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ပုဏ္ဏားကျွန်း)မှ မြို့နယ်တပ်ဖွဲ့မှူး ဦးဝေသိန်းအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များစုပေါင်းပြီး သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် ကျေးရွာများသို့ သွားရောက်လှူဒါန်းပေးလျက်ရှိသည်။ "ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများအချို့တွင် ပူပြင်းသော နွေရာသီ၌ ရေတွင်းရေကန်များ ခန်းခြောက်ပြီး သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရသည့် ကျေးရွာဒေသများသို့လည်း လှူဒါန်းပေးခဲ့ကြောင်း၊ အထက်မြတ်လှဲကျေးရွာရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းသို့ (၁-၅-၂၀၂၁ မှ ၃၁-၅-၂၀၂၁)နေ့ထိ၊ သောက်သုံး ရေလီတာ(၆၀၀၀)နှုန်းဖြင့် နေ့စဉ်နေ့တိုင်း သွားရောက်လှူဒါန်းပေးနေပါကြောင်း" မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ မြို့နယ်တပ်ဖွဲ့မှူး ဦးဝေသိန်းအောင်က ပြောသည်။
အဆိုပါ ကယ်ဆယ်ရေးစခန်းတွင် မြိုတိုင်းရင်းသားများ မိမိ၏ နေရပ်ကိုစွန့်ခွာ၍ (ယာယီ)ခိုလှုံလျှက်ရှိပြီး၊အိမ်ထောင်စု(၁၅၁)စု၊လူဦးရေ ၇၈၃ ဦး ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်း မြို့နယ်တပ်ဖွဲ့မှူး ထံမှသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)