ရန်ကင်း မေ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ယနေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ် စည်ပင်သာယာမှ တာဝန်ရှိသူများ၊ ပန်းဥယျာဉ်အဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အထက(၁) ကျောင်း၌ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ယခုလ နောက်ဆုံး အပတ်တွင် ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်ပါက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များရှင်းလင်းခြင်း၊ ခြင်များ မခိုအောင်းနိုင်စေရန် ရေနှုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများနှင့် ပညာရေး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက် ခဲ့ကြသည်။
ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ် လက်ခံသွားမည် ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)တို့ကို အခမဲ့ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
ထွေးလေး(ပြန်/ဆက်)