မြစ်ကြီးနား မေ ၂၂
ကချင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဧရာဝတီမြစ်ကူး တံတားအမှတ်(၂)ကို တည်ဆောက်သွားမည်ဖြစ်ရာ အဆိုပါတံတားအမှတ်(၂)စီမံကိန်းဧရိယာအတွင်း တံတားအူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာ၊ အဆောက်အဦး/ သီးနှံများအတွက် ပိုင်ရှင်များထံ လျော်ကြေးငွေ ပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီရုံး၊ မေခ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့တစ်ဦးချင်းစီသည် ကချင်ပြည်နယ်သူပြည်နယ်သားများဖြစ်ကြပြီး ပြည်နယ်၏အကျိုး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်သိစိတ်ဖြင့် ယခုလို လက်တွဲဆောင်ရွက်ကြသည့်အတွက် ပြည်နယ်သူ/ပြည်နယ်သားများအားလုံး ကိုယ်စားကျေးဇူးတင် ဂုဏ်ယူပါကြောင်း၊ မိမိတို့၏ မြေယာ၊ အဆောက်အအုံအတွက် စိတ်မကောင်း ဖြစ်မိကြမည်ဖြစ်သော်လည်း ပြည်နယ်အကျိုး၊ အများအကျိုးအတွက် သဘောထားပြည့်ဝစွာဖြင့် ပံ့ပိုးကူညီခြင်းသည် မင်္ဂလာအမှုကို ပြုလုပ်ခြင်းဖြစ်ပြီး ကောင်းချီးမင်္ဂလာကို ခံစားရမည်ဖြစ်ပါကြောင်းနှင့် ဧရာဝတီမြစ်ကူးတံတားအမှတ်(၂)သည် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စီမံကိန်းဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်လာကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြစ်ကြီးနားခရိုင် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက တံတားတည်ဆောက်ရေး စီမံကိန်းတွင် တံတားအူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာ/အဆောက်အအုံ/ သီးနှံလျော်ကြေး ပေးသွားမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအမံဖြင့် ယနေ့ ပထမ အရစ်လျော်ကြေးငွေ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယအရစ်အဖြစ်လာမည့် စက်တင်ဘာလတွင် ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြေယာပိုင်ရှင်များက ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ ရှေ့မှောက်၌လျော်ကြေးငွေ ပေးအပ်ခြင်းအတွက် နှစ်ဖက်သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးကြကာ စာချုပ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်တို့က ဧရာဝတီမြစ်ကူး တံတားအမှတ်(၂)စီမံကိန်းတွင် တံတား အူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာပိုင်ရှင်(၈)ဦးတို့ ပိုင်ဆိုင်သည့် မြေဧရိယာစုစုပေါင်း (၀.၆၈၁) ဧကအတွက် လျော်ကြေးငွေ ကျပ်သိန်း(၅၅၀၀)၊ အဆောက်အဦး (၃)လုံးအတွက် လျော်ကြေးငွေကျပ် (၁၄၇)သိန်း၊ရေတွင်း(၁)တွင်းအတွက် လျော်ကြေးငွေကျပ်(၄၃)သိန်းနှင့် သီးနှံလျော်ကြေးအဖြစ် ငွေကျပ် (၅၇၅၀၀၀)တို့အတွက် စုစုပေါင်း လျော်ကြေးငွေကျပ်(၅၆၉၅၇၅၀၀၀)ရှိသည့်အနက်မှ ပထမအရစ် လျော်ကြေးအဖြစ် ငွေကျပ် (၂၈၃၇၈၈၀၀၀)ကို တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှု တန်ဖိုးအတိုင်း အသီးသီးပေး အပ်ခဲ့ကြသည်။
အဆိုပါ ဧရာဝတီမြစ်ကူးတံတား အမှတ်(၂)စီမံကိန်းကို လက်ရှိအသုံးပြုနေသည့် ဗလမင်းထင်တံတား၏ အောက်ဖက် မီတာ(၄၀)အကွာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး တံတားအရှည်(၃၂၁၂) ပေ (၉၇၉မီတာ)အရှည်၊ အကျယ်ယာဉ်သွားလမ်း(၂၄)ပေ၊ လူသွားလမ်း တစ်ဖက်လျှင် (၃)ပေစီပါရှိကာ သံကူ ကွန်ကရစ် ရေလည်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss ၊ Steel Box Girder and RCC Slab အမျိုးအစား ဖြစ်ကြောင်းနှင့် တံတားစီမံကိန်းအတွက် ကနဦးအကြို အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ အဆိုပါ တံတားသစ် တည်ဆောက်ပြီးစီးပါက လက်ရှိအသုံးပြုလျက်ရှိသော ဗလမင်းထင်တံတားနှင့် အသွား/အပြန်လမ်း (၄)လမ်းသွားအဖြစ် ဧရာဝတီမြစ်ကို ဖြတ်ကူးနိုင်တော့မည်ဖြစ်ကြောင်း တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ သိရှိရသည်။