ဒေါပုံမြို့နယ်တွင် ပန်းခင်းစီမံချက်လုပ်ငန်း ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ဒေါပုံ မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း နေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် ရွှေ့ပြောင်းကျူးကျော် နေထိုင်လျက်ရှိသော အိမ်ထောင်စုများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ထားခြင်းမှ မရှိသူများသည် လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း အခက်အခဲများ ကြုံတွေ့နေရသဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်ရရှိ ကိုင်ဆောင်နိုင်ရေး အတွက် မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို (၃.၅.၂၀၂၁)ရက်နေ့မှ (၃.၁၁.၂၀၂၁) ရက်နေ့ထိ (၁၈)လကြာ သတ်မှတ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ပန်းခင်းစီမံချက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် လဝကမှူး က လုပ်ငန်းစီမံချက်ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်ကွက်အုပ်ချုပ်ရးမှူးများ တက်ရောက်ခဲ့ကြသည်။

ယခုလို ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် (၅)ဦး ကော်မတီအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားပြီး အဆိုပါ ကော်မတီ(၅)ဦးမှ တံဆိပ်၊ အမည်၊ မှတ်ပုံတင်အမှတ်၊ ရာထူး၊ လက်မှတ်နှင့် ရက်စွဲများ ရေးထိုးစေပြီး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှ သိရသည်။

ခင်မာဝေ(ပြန်/ဆက်)