ကျောက်တန်း မေ ၂၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင် နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် မေလ (၂၄) ရက်နေ့မှ စတင်ကာ ကျောင်းအပ် လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား/ကျောင်းသူများမှ ပူးပေါင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ကျောင်းအပ်နှံရေးသီတင်ပတ်အဖြစ် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျောင်းအပ် လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်အတွက် တာဝန်ရှိသူများက မြို့နယ် အတွင်းရှိ ကျောင်းများတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အခြားလိုအပ်သည့် ပြင်ဆင်မှုများ ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ( ၇ ) ကျောင်း၊အထက(ခွဲ) ( ၈ ) ကျောင်း ၊ အလက (၈) ကျောင်း၊ အလက(ခွဲ) (၁၅) ကျောင်း၊ မူလွန်ကျောင်း (၁၅) ကျောင်း၊ အမက(၇၂) ကျောင်း၊ အမက(ခွဲ) (၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁) ကျောင်း စုစုပေါင်း (၁၃၅) ကျောင်းတို့အား မေလ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းအပ်နှံရာတွင် နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းလုံးဝမရှိပါကြောင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်းနှင့် Face Shield တို့ကိုလည်း အခမဲ့ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)