လင်းခေး သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်ရည်ရွယ်၍ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ အားကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပင်ဟုန်းရပ်ကွက်တွင်(၄)ဦး၊ ဝမ်စစ်ကျေးရွာအုပ်စုနှင့် ဟိုက်ကွေ့ကျေးရွာအုပ်စုတွင်(၁၆)ဦး၊ စုစုပေါင်း (၂၀)ဦး နှင့် အိမ်ထောင်စု စာရင်း အသစ်(၄)စု၊ မဲစာရင်းတွင်မှတ်ပုံတင် အမှတ်မပါရှိသူများအား မှတ်ပုံတင်အမှတ် ပြန်လည်စိစစ်ပေးခြင်း(၄၂)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရာတွင် လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဌေးဦးဇော်နှင့် ဝန်ထမ်းများ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နန်းမိုခမ်း