မြောက်ဥက္ကလာပမြို့နယ်အတွင်း အခြေခံပညာကျောင်းများအား မေလ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံ ပေးသွားမည်

မြောက်ဥက္ကလာပ မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြ ပါစို့" ဆောင်ပုဒ်နဲ့အညီ  လာမည့် မေ(၂၄)ရက်နေ့မှ စတင်ပြီး ကျောင်းအပ် နှံခြင်းလုပ်ငန်းတွေကို  သက်ဆိုင်ရာကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု မရှိကြောင်း၊ ကျောင်းသုံးပြ ဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Maske နှင့် Face   Shield စသည့် ပစ္စည်းတွေကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆) နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1) သို့လည်းကောင်း အပ်နှံရမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံ ပညာကျောင်း များကို ဖွင့်လှစ်သွားမည်ဖြစ်ရာ မြောက်ဥက္ကလာပမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူကျောင်း( ၆၃) ကျောင်း၊  ဘုန်းတော်ကြီး ပညာသင်ကျောင်း ( ၁၀)ကျောင်း ရှိကြောင်း သိရှိရသည်။

မြမြဝင်း