ဒေါပုံ မေ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ယနေ့နံနက်ပိုင်းက ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်အဖွဲ့မှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ သဘောင်္ကျင်း ရပ်ကွက်ရှိ အ.လ.က( ၁) ကျောင်း၌ ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်း ထားရှိရာမှ ယခုလ နောက်ဆုံးအပတ်တွင် ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်ပါက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ကျောင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ ခြင်များ မခိုအောင်းနိုင်စေရန် ရေနှုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများနှင့် ပညာရေး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှု လုပ်ငန်းများ၊ သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဒေါပုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံ သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝ မရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield)တို့ကို အခမဲ့ ထောက်ပံ့မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်မာဝေ(ပြန်/ဆက်)