သုံးခွ မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ရှမ်းစုကျေးရွာတွင် ဘုရားအနေကဇာတင်နှင့် အ.ထ.က(ခွဲ) ကျောင်းဆောင်သစ်လှူဒါန်းပွဲကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး ရှမ်းစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက်အလှူရှင် သာသနာပြု (ပဌာန်းပါရမီရှင်) ဘဒ္ဒန္တသုမင်္ဂလသာမိ (ရန်ကုန်ဆရာတော်) က ဖခမည်းတော်ကြီး ဦးချစ်ထွန်း+ မယ်တော်ကြီး (ဒေါ်နီ) တို့အား ဦးထိပ်ထား/ ရည်စူးကျေးဇူးဆပ်ခြင်းအားဖြင့် ဆရာတော်နှင့် ခုနှစ်ရက်သားသမီးများမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ထို့နောက် ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ဆရာတော်က ပညာရေးဌာနသို့ လွဲပြောင်းပေးအပ်ရာ သုံးခွမြို့နယ်ပညာရေးဌာန ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်လှက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းဆောင်သစ်ကို အလှူရှင်ဆရာတော်ဘဒ္ဒန္တ သုမင်္ဂလသာမိ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးတင်လှ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် ရပ်မိရပ်ဖ ဦးအုန်းကြိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ အဆိုပါ ကျောင်းဆောင်အသစ်မှာ အလျား ၆၀ ပေ၊ အနံပေ ၃၀ ရှိပြီး RC တစ်ထပ်ဖြစ်ကာ ငွေကျပ် ၅၇၈၆၅၀၀၀/- အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စည်သူလင်း