၂၀၂၁-၂၀၂၂ ပညာသင်နှစ် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံပွဲပြုလုပ်

မုဒုံ မေ ၂၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ (ထက်/လယ်/မူ) ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က မုဒုံမြို့နယ် ရွှေဟင်္သာခန်းမ၌ပြုလုပ်သည်။

ရှေးဦးစွာ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ယုက အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး အောင်ဇော်ဟိန်းမှ ကျောင်းများ ဖွင့်လှစ်ရာတွင် လုံခြုံရေးဆိုင်ရာ အချက်အလက်များကို ဆွေးနွေး တင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်မှ ကျောင်းအပ်နှံရေး၊ ကျောင်းဖွင့်လှစ်ရေး စီမံဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး၊ ကျောင်းဥပဓိရုပ် အဆောက်အဦများ ကောင်းမွန်စေရေး၊ သင်ထောက်ကူပစ္စည်းများ အပြည့်အဝရရှိစေရေး၊ ကျောင်းတွင်းပြင်ပ လုံခြုံမှုရှိစေရေးစသည့် လိုအပ်ချက် များကို ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ မုဒုံမြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းမှ ကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းအပ်နှံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များနှင့် လိုအပ်သည်များ၊ တက်ရောက်လာကြသော ကျောင်းအုပ်ဆရာကြီးများမှ မိမိတို့၏ လိုအပ်ချက် အခက်ခဲများတို့ကို ဆွေးနွေးတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ခဲ့ကြသည်။

မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၀၂)ကျောင်းရှိပြီး မေလ(၂၄)ရက်နေ့မှစ၍ (၃၁)ရက်ထိ ကျောင်းအပ်လက်ခံမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)