ချောင်းဆုံ မေ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန် ပြည်သူများအားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှု ရရှိစေရန်၊ မျိုးဆက်သစ် အားကစားသမား ပေါ်ထွက်လာစေရန် အတွက် ရည်ရွယ်၍ မြို့နယ် အား/ကာ ကော်မတီမှ ကြီးမှူးပြီး နွေရာသီအခြေခံ အားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ချောင်းဆုံမြို့နယ် အားကစားရုံတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သင်တန်းဆင်း အမှာစကားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးထွန်းထွန်းဦးက ပြောကြားပြီး မြန်မာ့သိုင်းသင်တန်းဆင်း လက်မှတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ဇော်မင်းသန်းက လည်းကောင်း၊ ဘတ်စကက်ဘော သင်တန်းဆင်း လက်မှတ်ကို ရဲမှူးထွန်းထွန်းဦးက လည်းကောင်း ပေးအပ်ချီးမြှင့်ရာ သင်တန်းသား၊ သင်တန်းသူများမှ လက်ခံရယူသည်။
ဆက်လက်၍ သင်တန်းနည်းပြများ ဖြစ်ကြသော မွန်ပြည်နယ် မြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်သန်း၊ အခြေခံမြန်မာ့သိုင်း ပြည်နယ်လက်ရွေးစင် မောင်အောင်မြတ်ဖုန်း၊ မြန်မာ့လက်ရွေးစင် မဖူးပွင့်ချိုနှင့် ထူးချွန်သင်တန်းသား (၃)ဦးတို့အား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင် ချီးမြှင့်ပေးခဲ့ပြီး အခြေခံမြန်မာ့သိုင်းပညာစဉ်ဖြင့် သရုပ်ပြခဲ့ကြောင်း၊ အဆိုပါသင်တန်းကို မေလ (၁ မှ ၂၁)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အခြေခံမြန်မာ့သိုင်း သင်တန်းသား၊ သင်တန်းသူ(၄၉)ဦး၊ ဘောလုံး သင်တန်းသား၊ သင်တန်းသူ(၃၂)ဦးနှင့် ဘတ်စကက်ဘော သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)