ဟိုပုံး မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကော်ဖီသီးနှံ စိုက်ပျိုးနည်းပညာပေး သင်တန်းနှင့် မျိုးစေ့၊ အထောက်အကူပြု ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ (Knowledge Center)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကော်ဖီရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေမှ ဟိုပုံးမြို့နယ်ရှိ လုံဟေး၊ စငေါ၊ စံဖူး၊ နောင်လိုင်မူဖိတ် ကျေးရွာအုပ်စုများသို့ ၂၀၁၄ ခုနှစ်မှ စတင်၍ UNODC( United Nation Office On Drugs and Crime) Project နှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ အစားထိုးသီးနှံအဖြစ် ကော်ဖီမျိုးစေ့ပျိုးပင်၊ နည်းပညာများ ဖြန့်ဝေခဲ့ပြီး စိုက်ပျိုးထားသော စိုက်ဧကပေါင်း (၅၀၀)ကျော်ရှိရာ အသီးခူးဆွတ်နိုင်သော ဧကပေါင်း (၃၀၀)ကျော်ခန့်ရှိပါကြောင်း၊ မဲနယ်တောင်ဒေသ၊ စံဖူးကျေးရွာအုပ်စု ဗန်းစောက်ကျေးရွာမှ ထွက်ရှိသော ကော်ဖီသည် ၂၀၁၈ခုနှစ်၊ ၂၀၁၉ခုနှစ် ပဉ္စမအကြိမ်မြောက် Myanmar Coffee Competion ပြိုင်ပွဲတွင် (၂)နှစ်ဆက်တိုက် ပထမဆုရရှိ၍ နယ်သာလန်နိုင်ငံသို့ တင်ပိုးရောင်းချလျက်ရှိပြီး ပြည်တွင်း ဈေးကွက်သို့လည်း တင်ပို့ရောင်းချ လျက်ရှိကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များက ရှင်းလင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးမှ ရှမ်းပြည်နယ်အတွင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကော်ဖီသီးနှံနှင့် ပတ်သက်သော အထောက်အကူပြုပစ္စည်းများကို ကော်ဖီရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ ဒုတိယ ပြည်နယ်ဦးစီးမှူး၊ ဟိုပုံးမြို့နယ် မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်း၊ သင်တန်းဆရာများက ကော်ဖီသီးနှံနှင့် ပတ်သက်သော အထောက်အကူပြု ပစ္စည်းများကို တောင်သူများအား အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)