လယ်ဝေး မေ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ရာ ယခုအခါ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်စေရန်အတွက် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များအညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ် ပြည်သူ့စာကြည့်တိုက်၏ စာဖတ်ပရိသတ် အမှတ်(၆)ရပ်ကွက်မှ မကြူကြူဇင် ကလည်း “ ကျွန်မတို့ ခုလိုစာကြည့်တိုက်ကြီး ပြန်ဖွင့်ပေးတဲ့အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်။ စာကြည့်တိုက်ကြီး ပိတ်ထားတော့ ဘယ်တော့ပြန်ဖွင့်မလဲလို့ ခဏခဏ လာမေးမိပါတယ်။ ခုလို စာကြည့်တိုက်တွေ ပြန်ဖွင့်တဲ့အခါ ကျွန်မတို့လို စာပေချစ်မြတ်နိုးသူတွေ၊ စာဖတ်ပရိသတ်တွေ အတွက် အသိပညာဗဟုသုတတွေ တိုးပွားပြီး အကျိုးကျေးဇူးများစွာ ရရှိပါတယ်ရှင့်” ဟု ဝမ်းသာပီတိ စကားပြောထားပါသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ပြ စာအုပ်များ၊ အပျော်ဖတ်ဝတ္ထုများ၊ သုတ/ရသစာအုပ် စုစုပေါင်း (၁၄၆၂၈)အုပ်ရှိပြီး မည်သူမဆို အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုများ ပေးခြင်းအပြင် ကလေးများအတွက် ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်းနှင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)