လင်းခေးတွင် မီးပွိုင့်ဖွင့်ပွဲကျင်းပ

 

လင်းခေး    မေ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း ၊လင်းခေးခရိုင် လင်းခေးမြို့  ပြည်ထောင်စုလမ်းမကြီးနှင့် သီတာ(၃)လမ်းဆုံ၌ မီးပွိုင့်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီက အဆိုပါလမ်းဆုံရှိ မီးပွိုင့်တပ်ဆင်ထားသည့်နေရာ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားကို လင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးလှိုင်ဦးနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းဝင်းဇော်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ၄င်းမီးပွိုင့်အား ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနကွပ်ကဲမှုအောက်ရှိ လင်းခေးမြို့နယ်  စည်ပင် သာယာရေးဌာန ၏၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်း ခွင့်ပြုရန်ပုံငွေ  ကျပ်(၇၀)သိန်း ဖြင့် တပ်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လင်းခေးမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးဖြတ်သန်းသွားလာပြည်သူလူထုအားလုံး ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ရည်ရွယ်လျက် မီးပွိုင့်ကို ယနေ့စတင်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဖွင့်ပွဲအခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရှမ်းတိုင်းရင်းသူများ၊ အမှတ် (၁၁၈)ယာဉ် ထိန်းရဲတပ်ဖွဲ့စု(လင်းခေး)မှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်ကျော်ညွှန့်စိုးနှင့် တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

စိုင်းဇော်လတ်(လင်းခေး)