မြစ်ကြီးနားမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကျင်းပ

မြစ်ကြီးနား မေ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်‌ငွေ တိုးပွားစေရန် ရည်ရွယ်လျက် ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဖွင့်လှစ် ပေးခဲ့သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ (၄/၂၀၂၁)ကို ယမန်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အသေးစား စက်မှုလက်မှုရုံး၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက အမှာစကား ပြောကြားရာတွင် မြစ်ကြီးနား မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိစေရန် ရည်ရွယ်၍ ယခုလို သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး အခုသင်တန်းမှာ အဓိကအားဖြင့် ရာသီပေါ် သီးနှံတွေကရတဲ့ သစ်သီးဝလံတွေနဲ့ ဝိုင်၊ ဖျော်ရည်၊ ယို၊ ဂျယ်လီ ထုတ်လုပ်နည်းတွေ၊ ချက်ချင်းဝင်ငွေရစေနိုင်တဲ့ မုန့်မျိုးစုံ လုပ်နည်းများကို သင်တန်းပို့ချလျက်ရှိပါ‌ကြောင်း ပြောကြားခဲ့ပြီး သင်တန်းတက် ရောက်ခဲ့သော သင်တန်းသူ၊ သင်တန်းသား များအား  သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်း လာရောက်တက်ရောက်ခဲ့သည့် သင်တန်းသူ တစ်ဦးက ကျွန်မကဒါနဲ့ဆို သင်တန်းတက်တာ ဒုတိယအကြိမ်ရှိပြီ၊ ပထမအကြိမ်တက်တုန်းက ရလိုက်တဲ့ နည်းပညာ ရဲယိုသီးယို လုပ်ငန်းကို တစ်ပိုင်တနိုင် လုပ်နေပါတယ်၊ တရုတ်နိုင်ငံထိ တင်ပို့နေနိုင်ပါပြီ ဒီသင်တန်းက အရမ်းအကျိုး ရှိပါတယ်ဟု ဆိုသည်။

တန်ဖိုးမြှင့် ထုတ်လုပ်မှု နည်းပညာသင်တန်းကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ‌ဒေသခံပြည်သူ (၂၀)ဦး တက်ရောက်ပြီး စာတွေ့လက်တွေ့ နှစ်မျိုးလုံးကို (၅)ရက်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)