ချမ်းအေးသာစံမြို့နယ်တွင် ပြည့်စုံချမ်းသာ သမဝါယမအသင်း ဖွဲ့စည်း

မန္တလေး ဩဂုတ် ၇

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာနမှ စီစဉ်ကျင်းပသော ပြည့်စုံချမ်းသာငွေစုငွေချေးသမဝါယမအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးမှူး ဒေါ်တင်တင်မူနှင့် အသင်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးမှူး ဒေါ်တင်တင်မူက အသင်းစည်းကမ်းများဖတ်ကြားပြီး ရွေးချယ်ခံရသော အလုပ်အမှု‌ဆောင်အဖွဲ့မှ ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပြည့်စုံချမ်းသာ ငွေစုငွေချေးသမဝါယမအသင်း ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်မှာ အသင်းသားများ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများရရှိရန်၊ အသင်းသားများ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ရန်၊ ချွေတာစုဆောင်းတတ်သည့် အလေ့အထနှင့် ကိုယ့်အားကိုယ်ကိုးသည့်စနစ် ကျင့်သုံးလာနိုင်စေရန်ဖြစ်ပြီး အဆိုပါ အသင်းတွင် အသင်းသား (၁၂၁) ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို