ဂွမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်းနှင့် မြေစိုက်ပိုစတာ စိုက်ထူခြင်းများ ဆောင်ရွက်

ဂွ မေ ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ပြည်သူများ မီးဘေးအန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် မြေစိုက်ပိုစတာ စိုက်ထူခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခြင်းနှင့် လူစည်ကားရာ နေရာများတွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရေး မြေစိုက်ပိုစတာ စိုက်ထူဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော် ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊  မြို့နယ်မီးသတ် ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြေစိုက်ပိုစတာများကို လူစည်ကားရာ နေရာများတွင် စိုက်ထူကြရာ ပိုစတာများတွင် မီးမပေါ့ဆစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် အရေးပေါ် ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များ ပါရှိကြောင်း သိရသည်။

ရွှေရည်ဝင်း