ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့်တွေ့ဆုံ

စစ်တွေ  မေ  ၂၁

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများတွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ပညာရေး မှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများက တစ်ဦး ချင်းမိတ်ဆက်စကားပြောကြားကြသည်။ ဆက်လက်၍ ရခိုင်ပြည် နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် အခြေခံပညာဦးစီးဌာနမှ ပညာရေးမှူးများနှင့် တွေ့ဆုံခြင်း သည် ပထမဆုံး အကြိမ်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အခြေခံပညာကျောင်းများ ဖွင့်လှစ် နိုင်ရန်အတွက်  လိုအပ်ချက်များ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသင့်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရန်အတွက် လာရောက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ကျောင်းများဖွင့်လှစ် နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း များကိုလည်း အထူးဂရုပြုဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာ၊ ဆရာမများက လိုက်နာဆောင်ရွက် ကြသော်လည်း ကျောင်းသားလူငယ်များသည် လူငယ်သဘာဝ အလျောက် ပေါ့ပေါ့ဆဆ ပျော်ပျော် ရွှင်ရွှင်နေတတ်ကြသည့်အတွက် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး မိမိတို့သားသမီးများကဲ့သို့ သင်ကြားပေးကာ လိုက်နာဆောင်ရွက်ကြရန် မှာကြားပေးကြ စေလိုကြောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လိုအပ်ချက်များကို တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် မိမိတို့၏ နောင်အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များအား ကျန်းမာကြံ့ခိုင်ပြီး ပညာ ရည်ပြည့်ဝသော မျိုးဆက်သစ်များဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ခရိုင်ပညာရေးမှူးများက မိမိတို့ခရိုင်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက် များနှင့်အညီ ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေများ ဆရာ၊ ဆရာမများ ရောက်ရှိမှုအခြေအနေနှင့် ကျောင်းများ၊ ရုံးများအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ညှိနှိုင်း ဆွေးနွေးပေးကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ နေ့လည်ပိုင်းတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌရုံး အစည်း အဝေးခန်းမ၌ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (ရခိုင်ပြည်နယ်) ဥက္ကဌ နှင့်အဖွဲ့ဝင်များအားတွေ့ဆုံပြီး ဆောက်လုပ်ရေးဆိုင်ရာကုမ္ပဏီများနှင့်ပတ်သက်သည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

တင်ထွန်း(ပြန်/ဆက်)