ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းလုပ်ငန်းအား ထပ်ဆင့်ရှင်းလင်းခြင်း အစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ မေ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းလုပ်ငန်းအား ထပ်ဆင့် ရှင်းလင်းခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင် က မိတ်ဆက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထူး က အဆိုပါ ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် နေထိုင်မှုပုံစံများအလိုက် လက်ရှိဇာတိတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့်ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းဟူ၍ နည်းလမ်း (၄) သွယ်ချမှတ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် အသက် ၁၆နှစ်မှ ၁၈ နှစ်အထိနှင့် အသက် ၁၈ နှစ်အထက်ရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)