ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တပ်ကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်သင်ကြားရေး ကွင်းဆင်းစစ်ဆေး

တပ်ကုန်း   မေ  ၂၁

နေပြည်တော်ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ဦးကျော်ကျော်နိုင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများသည်  ယနေ့နံနက်ပိုင်း က နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ထန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့ကို ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ၊ ဆရာ/မများနှင့်တွေ့ဆုံပြီး စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ တွေ့ဆုံရာတွင်  ကျောင်းအုပ်ကြီးများက ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက်  ကျောင်းအပ်နှံရေးစီစဉ်ထားရှိမှု၊ ကျောင်းသားနှင့် ဆရာ/မများ အချိုး၊ စာသင်ခန်းများ စီမံထားရှိမှု၊ ကျောင်းစာကြည့်တိုက်နှင့် ကျောင်းဆေးခန်းအခြေအနေ၊ စာသင်ခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စာသင်ခုံနေရာများ ချထားမှု၊ သင်ထောက်ကူ ပစ္စည်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြကြပြီးနောက် နေပြည်တော် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များသည် ကျောင်းများတွင် ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အသီးသီးရှိ စာသင်ခန်းများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များသည်  တပ်ကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးတွင်  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမှုများကို ကြည့်ရှုစစ်ဆေးရာ  မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းမင်း က ပန်းခင်းစီမံချက်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ  ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး က လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင် (ပြန်/ဆက်)