ဥတ္တရသီရိမြို့နယ် ဝက်စုကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး

ဥတ္တရသီရိ  မေ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက သတ္တမကြိမ်မြောက် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး ပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ ဝက်စုကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နှင်းအိဖြိုးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး ပေးရေး ကော်မတီဝင်များက ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၅၄)ဦးအတွက် ငွေကျပ်(၂၅၈)သိန်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၄၄)ဦးအတွက် ငွေကျပ်(၁၉၂)သိန်း ငါးသောင်းကျပ်၊ အရောင်းအဝယ်လုပ်ကိုင်သူ (၇)ဦးအတွက် ငွေကျပ်(၁၉)သိန်း စုစုပေါင်းလုပ်ငန်း လုပ်ကိုင်သူ (၂၀၅)ဦးအတွက် ငွေကျပ် (၄၆၉)သိန်း(၅)သောင်းကျပ်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထုတ်ချေးပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် မြစိမ်းရောင်အရင်းမပျောက် လည်ပတ် ရန်ပုံငွေ ထုတ်ချေးပေးသည့် ကျေးရွာ စုစုပေါင်း(၁၈)ရွာရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အောင်ကို(ပြန်/ဆက်)