မိုးနဲ မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် အမျိုးသားလူမှုရေး ပင်စင်များကို ယနေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်နှင့်ကျေးရွာများသို့ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဥယျာဉ်ရပ်ကွက်နှင့် ပေါ့မိုင်းရပ်ကွက်ရှိ အဘိုးအဘွား(၁၉)ဦးတို့အား ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လ သုံးလအတွက် ငွေကျပ် ၃၀၀၀၀ စီကိုအိမ်တိုင်ရာရောက် သွားရောက်ဂါရဝပြု ပေးအပ်ခဲ့ကြသည်။
မိုးနဲမြို့နယ်အတွင်း မြို့ပေါ် ငါးရပ်ကွက်တွင် သက်ကြီးဘိုးဘွား (၄၄)ဦး ၊ ကျေးရွာအုပ်စု (၁၁)အုပ်စုတွင် (၄၇)ဦးနှင့်ကျိုင်းတောင်းမြို့တွင် (၁၀) ဦး စုစုပေါင်း အသက် (၈၅)နှစ်နှင့်အထက် အမျိုးသားလူမှုရေး ပင်စင်ရရှိသူ သက်ကြီးဘိုးဘွား(၁၀၁)ဦးရှိပြီး၊ သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ကွင်ဆင်းသွားရောက် ပေးအပ်လျက်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)