တောင်ကြီး၌ ၂၀၂၀ ပြည့်နှစ် အစိုးရဓမ္မာစရိယ စာမေးပွဲ မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

 တောင်ကြီး မေ ၂၁

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၀ ပြည့်နှစ် အစိုးရဓမ္မာစရိယ စာမေးပွဲ မဟာဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး အစိုးရဓမ္မာစရိယအောင် သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် အဆောင် အယောင်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ကြွရောက်လာတော်မူကြသော ဆရာတော်သံဃာတော်များနှင့် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း အမှူးပြုသော ဧည့်ပရိတ်သတ်တို့မှ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တောင်ကြီးမြို့ ရှမ်းပြည်နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ သိမ်တောင်ပရိတ္တိစာသင်တိုက် ပဓနနာယကဆရာတော်အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံ မှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်သံဃနာယက ဥက္ကဋ္ဌ သိမ်တောင်ပရိယတ္တိစာသင်တိုက်ပဓနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတေဇဝန္တ ထံမှ သာရဏီယသြဝါဒကထာ မြွက်ကြား ချီးမြှင့်တော်မူပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက  ဆရာတော်ကြီးနှင့်စာအောင်သံဃာတော်များအား အောင်လက်မှတ် နှင့်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ၏ ဇနီး ဒေါက်တာခင်ခင်ထူးနှင့် တာဝန်ရှိသူများက စာအောင်သီလရှင်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပေးကြကာ လှူဒါန်းပေးမှု အစုစုအတွက် တောင်ကြီးမြို့ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘုရားကြီးအတွင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကဝိန္ဒ ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းနှင့် အဆိုပါ ၂၀၂၀ ပြည့်နှစ် အစိုးရဓမ္မာစရိယ စာမေးပွဲတွင် စာအောင်သံဃာတော်(၃၈)ပါး နှင့် သီလရှင်(၇)ပါး တို့အား အောင်လက်မှတ်နှင့် အဆောင်အယောင်များ ဆက်ကပ် လှူဒါန်းပေးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)