ဆီဆိုင်မြို့နယ်တွင် ကျေးရွာချင်းဆက် ရွှေတဂူသစ်သားတံတားကြီး ပြန်လည်ပြုပြင်နိုင်ရန် ကွင်းဆင်းတိုင်းတာစစ်ဆေး

ဆီဆိုင်    မေ    ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စုအတွင်းရှိ နောင်စကာကျေးရွာနှင့် ရွှေတဂူဘုရားအကြား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ နမ့်တဘက်ချောင်းမကြီးအား ဖြတ်ကျော်တည်ဆောက်ထားသော ရွှေတဂူသစ်သားတံတားကြီးသည် နှစ်ပေါင်းအားဖြင့် ၅၀ ကျော်ခန့် သက်တမ်းရှိပြီဖြစ်၍ ပြန်လည်ပြုပြင်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများလိုက်ပါ၍ ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါတံတားသည် ကျေးရွာပြည်သူများ၏ ကိုယ်ထူကိုယ်ထဖြင့် အရှည် ၁၄၀ ခန်၊ အကျယ် ၁၄ ပေ၊ အမြင့်ပေ ၂၀ ရှိ သစ်သားတံတား အမျိုးအစားဖြစ်ပြီး နောင်စကာ၊ ဝမ်ဟေ့၊ နောင်ပါရင်၊ ဟိုခဲ(ကယန်း)၊ လွယ်စဲ့နှင့် ကောင်ထိုကျေးရွာတို့မှ အိမ်ခြေ ၃၈၅ ခန့်၊ လူဦးရေ ၂၄၀၈ ဦးခန့်တို့မှ ဒေသခံပြည်သူများ နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိရာ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးအစရှိ သဖြင့် ဆောင်ရွက်ရန် အဓိကသွားလာနေရသည့် တံတားကြီးဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အဓိကအားထားရသော တံတားတစ်စင်းဖြစ်သည်။

အဆိုပါတံတား ပြုပြင်ပေးပါက ဝမ်ဟေ့သဘာဝရေပူစမ်းနှင့် သမိုင်းဝင်ဘုရားဖြစ်သည့် ရွှေတဂူဘုရားသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း/ပြည်ပ ခရီးသွားပြည်သူများ ပိုမိုများပြား လာမည်ဖြစ်ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)