ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဇွန်လ (၁)ရက်နေ့မှ စတင်၍ ဖွင့်လှစ် သင်ကြားမည်

ဇေယျာသီရိ မေ ၂၁ နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဇွန်လ (၁)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။ ဇေယျာသီရိမြို့နယ်တွင် အ.ထ. က(၆)ကျောင်း ၊ အ.ထ.က(ခွဲ) (၃)ကျောင်း ၊ အ.လ.က (၄)ကျောင်း၊ အ.လ.က(ခွဲ)(၅)ကျောင်း ၊ အ.မ.က (မူလွန်) (၉)ကျောင်း ၊ အ.မ.က(၃ဝ) ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေး(၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်း အဆင့်သင် (၄)ကျောင်း စုစုပေါင်း (၆၃) ကျောင်း ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်သည်။ " ပညာရေး ဌာနအနေနဲ့ ကျောင်းသား မိဘတွေဟာ မိမိတို့ သားသမီးများ၏ အနာဂတ်ဘဝ တိုးတက်ကောင်းမွန်ရေးအတွက် ကျောင်းသို့သတ်မှတ်ရက် များအတိုင်း ကျောင်းအပ်နှံကာ ကျောင်းတက်ပညာသင်ယူကြရန် အသိပေးအပ်ပါတယ်၊ ဇေယျာသီရိမြို့နယ်မှာဆိုရင် ပျက်ကွက် ဆရာ/ဆရာမ အနည်းငယ်သာ ရှိသည့်အတွက် ယခင်နှစ်များကဲ့သို့ပင် သင်ကြားပြသနိုင်မည့် အခြေအနေမှာ ရှိပါတယ်၊ ကျောင်းအပ်နှံရာ တွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိသလို ကျောင်းသုံး ပြဌာန်းစာအုပ် ၊ ဗလာစာအုပ် ၊ ဘောပင် ၊ ခဲတံ ၊ ပေတံ နဲ့ Covid-19 ရောဂါကာကွယ်ရေးပစ္စည်းများကိုလည်း အခမဲ့ပေးသွားမှာဖြစ်ပါတယ်၊ ကျောင်းသား/ သူတွေနဲ့ ဆရာ/ဆရာမတွေ ကျောင်းသို့ အသွားအပြန်နှင့် ကျောင်းတွင်းအေးချမ်းစွာ ပညာသင်ကြား နိုင်ရေးအတွက် မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင် ၊ လုံခြုံရေး ရဲအရာရှိ ၊ တပ်မတော်မှ အရာရှိများ ၊ ကျောင်းအုပ်ကြီးနဲ့ ဆရာ/ဆရာမတွေ ပါဝင်တဲ့ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းပြီး စီမံဆောင်ရွက်ထားရှိပါတယ် " ဟု ဇေယျာသီရိမြို့နယ် ပညာရေးမှူး ဦးခင်မောင်လွင် ၏ ပြောပြချက်အရ သိရသည်။ အေးလင်းထွန်း(ပြန်/ဆက်)