ဆီဆိုင် မေ ၂၁
ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနှင့် တဘက်ကျေးရွာစုအတွင်းရှိ မိုးရာသီတွင် သွားလာရန်ခက်ခဲသော လုံးဖိုး-နောင်စကာ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီဝင်များတို့က လုပ်ငန်းအရည် အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလ ပြီးစီးရေးတို့အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ်(၁၂၉.၀၅၅) သန်းဖြင့် တင်ဒါအောင်မြင်သည့် ရတနာမိုးထက်အောင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုံးဖိုး-နောင်စကာ ကျေးရွာချင်းဆက် မြေသားလမ်း (၇/၀)မိုင်ရှိသည့်အနက် (၁)မိုင် ကျောက်ချော ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)