မိုင်းဖြတ် မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဓာတ်သတ္ထုရှာဖွေ၊ တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ အဆင့်ဆင့်တင်ပြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က ဓာတ်သတ္ထု ရှာဖွေရေးလုပ်ငန်းနှင့် ပက်သတ်၍ ရှင်းလင်းတင်ပြပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ ထို့နောက် ဘူမိဗေဒ လေ့လာရေးနှင့် ဓါတ်သတ္ထုရှာဖွေရေးဦးစီးဌာန(တောင်ကြီးရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်ဦးက Access Resources ကုမ္ပဏီ၏ ရွှေနှင့်ဆက်စပ်သတ္ထုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက် နိုင်စွမ်းလေ့လာရေးလုပ်ငန်း ဆောင်ရွက်ရန် လုပ်ငန်းအဆင့်ဆင့်အား ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွတ် ဆွေးနွေး ပြောကြားခဲ့သည်။
ထိုသို့ တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ရခြင်းမှာ Access Resources Asia ကုမ္ပဏီသည် မိုင်းဖြတ်မြို့နယ် အတွင်း ရွှေနှင့်ဆက်စပ်သတ္ထုရှာဖွေရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် မြေဧက (၁၄၀၀၀၀)ခန့်ကို လုပ်ကိုင် ခွင့်ပြုချက် ရရှိထားကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်မှုကြောင့် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိလာနိုင်မှုအပေါ် ဒေသခံပြည်သူများမှ စိတ်ပူကန့်ကွက်မှုများ ရှိနေသဖြင့် ဒေသခံပြည်သူများနှင့် လာရောက် တွေ့ဆုံရှင်းလင်းရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)