မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်လျက်ရှိသော အရာတော်ကျေးရွာနှင့် ကျောက်ပုံကုန်းကျေးရွာများကို သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

မိတ္ထီလာ မေ ၂၁

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်လျက်ရှိသော အရာတော်ကျေးရွာနှင့် ကျောက်ပုံကုန်းကျေးရွာများကို ယနေ့နံနက်က သောက်သုံးရေများ သွားရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။ မိတ္ထီလာခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင် များက သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာများနှင့် ၎င်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် သောက်သုံးရေများကို မီးသတ်ရေသယ်ယာဉ်များဖြင့် သွားရောက် ဖြန့်ဝေလှူဒါန်းလျက်ရှိသည်။

ထိုသို့ ဖြန့်ဝေလှူဒါန်းလျက်ရှိရာမှ မိတ္ထီလာမြို့နယ် အရာတော် ကျေးရွာနှင့် သာစည်မြို့နယ် ကျောက်ပုံကုန်း ကျေးရွာများကို ကျေးရွာတစ်ရွာလျှင် မီးသတ်ရေ သယ်ယာဉ်ဖြင့် သောက်သုံးရေ ဂါလံ ၃၂၀၀ အား သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ သိရသည်။ ၎င်းအပြင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဖက်တော၊ ကြာပေါက် ၊ တောင်ပုလု ၊ ညောင်ပင်လျှို(နောက်)၊ ညောင်ပင်လျှို(ရှေ့)၊ ညောင်ပင်အေး၊ သစ္စာပြုတောင်၊ သရက်တန်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော်များ သောက်သုံးရေ အဆင်ပြေစေရေးအတွက် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း ခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းထံမှ သိရသည်။

သိန်းမြင့်ကျော်