မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားရှိ

မန္တလေး   မေ  ၂၁

ပညာရေးဝန်ကြီးဌာန လမ်းညွှန်မှု၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID–19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၁ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

"ကျောင်းဖွင့်နိုင်ဖို့ ပြင်ဆင်ထားမှုအနေနဲ့ကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့လုံခြုံရေးပိုင်းဆိုင်ရာ ပြင်ဆင်ထားပါတယ်။ ရုပ်ပိုင်းဆိုင်ရာကတော့ အရင်ကတည်းက ပြင်ဆင်ထားတဲ့အတွက် ကျောင်းတွေအားလုံးကို တပြိုင်နက်ဖွင့်နိုင်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်တွေ ဒီနှစ်ကတော့ နည်းနည်းသက်သာလာတာနဲ့အမျှ ဖြေလျော့မှုတွေရှိလာတယ်။ ကျောင်းခန်းထဲမှာ  ကျောင်းသားတစ်ယောက်နဲ့တစ်ယောက် အကွာအဝေးတွေ  ကျောင်းတွေမှာ Face Shield တွေရော  Maskတွေရော အပူချိန်တိုင်းကိရိယာတွေရောကို ကျောင်းတိုင်းမှာ ပံ့ပိုးပေးထားတာ ရှိတဲ့အတွက်ကြောင့် အပူချိန်တိုင်းတာတွေကအစ ဆောင်ရွက်သွားဖို့ရှိပါတယ်။ လုံခြုံရေးပိုင်းအနေနဲ့ကတော့ ကျောင်းရှိ ဆရာ/ဆရာမတွေ၊ ရပ်ကွက်ကျေးရွာမှာရှိတဲ့ဆရာနဲ့ ကျောင်းသား မိဘအဖွဲ့တွေနဲ့ ကျောင်းသား/ကျောင်းသူတွေ၊ ဆရာဆရာမတွေကို စောင့်ရှောက်ပေးသွားမယ်။ အကယ်၍ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာမရလို့ လိုအပ်လာရင် ဒေသအာဏာပိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ " မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ကြယ်က ပြောသည်။

ပညာရေးဝန်ကြီးဌာန၊ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် အနေဖြင့် မေလ၂၄ရက်နေ့မှ မေလ ၃၁ရက်နေ့အထိ လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်မှာကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဖြစ်ပြီး၊ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိကြောင်း သိရသည်။

"အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်တဲ့အတွက်ကြောင့် အရင်တုန်းက ကောက်ခံခဲ့တဲ့ အားကစားကြေး စာရေးကိရိယာကြေး စာကြည့်တိုက်ကြေးတို့ကို တစ်ခုမှ ကောက်ခံခြင်းမရှိတော့ပါဘူး။ အဲဒီအပြင် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဗလာစာအုပ်များ ခဲတံများ ဌာနကနေ အခမဲ့ ပံ့ပိုးပေးတဲ့ ပစ္စည်းများကို ကျောင်းသားတိုင်းရဲ့ လက်ဝယ်ကို ကျောင်းအပ်လက်ခံတဲ့နေ့ လာရောက်အပ်နှံ တဲ့နေ့မှာ ပေးသွားမှာ ဖြစ်ပါတယ်။ ထပ်ဆောင်းပြီး ပေးမယ့်ဟာက Grade – 1သည် အသက်၆နှစ် ပြည့်တဲ့သူတိုင်း တိုက်ရိုက်အပ်နှံခွင့်ရှိတဲ့အတွက်ကြောင့် ကျောင်းသားက နှစ်ဆရှိလာမယ်လို့ တွက်ထားပါတယ်။ အဲဒီကျောင်းသားတွေအတွက်ကို သီးခြားဗလာစာအုပ် တစ်ဒါဇင်နဲ့ ခဲတံ ၄ချောင်းစီ ထပ်ဆောင်းပံ့ပိုးပေးပါ့မယ်။ " ဟု ဆက်လက်ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း ၄၂၆၃ကျောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ၂၃၅ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃၁၇ကျောင်းရှိကြောင်း၊ ၂၀၂၀ခုနှစ် မတ်လချုပ် စာရင်းများအရ တိုင်းဒေသကြီးအတွင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်း အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၉၅၄၀၂၃ဦး၊ ဘ.က ကျောင်းသားကျောင်းသူ ၈၃၄၂၂ဦး၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ကျောင်းသူကျောင်းသား ၇၀၇၂၁ဦးရှိပြီး အခြေခံပညာကျောင်း ဆရာ၊ ဆရာမ ၄၄၄၀၀ဦးကျော် ရှိကြောင်း သိရသည်။

တင်လင်းထက်