မိတ္ထီလာမြို့နယ်၌ စက်ချုပ်နည်းပညာ အခြေခံသင်တန်းကို (အခမဲ့)ဖွင့်လှစ်သင်ကြားပေးသွားမည်

မိတ္ထီလာ  မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်း၍  စက်ချုပ်နည်းပညာအခြေခံသင်တန်း (၂/၂၀၂၁) ကို  ဇွန် ၁ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ) တို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ ပြန့်ပွားလာစေရန်၊ စက်ချုပ်နည်းပညာရပ်များကိုအသုံးပြု၍ အဝတ်အထည်များ ဒီဇိုင်းလှပပြီး စျေးကွက်ဝင်အထည်များအဖြစ် ထုတ်လုပ်လာနိုင်စေရန်၊ ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ စက်ချုပ်နည်းပညာရပ်ကို တတ်ကျွမ်းပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်၍ မိသားစု  ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ပြီး စက်ချုပ်နည်းပညာအခြေခံသင်တန်းကို သင်တန်းသူ (၂၅)ဦးဖြင့်  ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝထံမှ သိရသည်။

အဆိုပါ စက်ချုပ်နည်းပညာအခြေခံသင်တန်းတွင် စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊  နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီး ဝတ်ရင်ဖုံးအင်္ကျီ၊ စကတ်ချုပ်နည်းအမျိုးမျိုး၊ တစ်နှစ်အရွယ်သုံးဖြတ်ဆက် အတွန့်ပါဂါဝန်၊ ကလေးဝတ်ဘောင်းဘီရှည် စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။