မိတ္ထီလာ မေ ၂၁
မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ၂ဝ၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေါင်း ကျပ်သိန်း ၆၅ဝဝဝ ကို ခရိုင်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က လျာထားထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ခရိုင်ဘဏ်မန်နေဂျာ ဒေါ်ခင်ဆွေမျိုးတင် ထံက သိရသည်။
‘‘မိတ္ထီလာမြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၆ အုပ်စုက တောင်သူစုစုပေါင်း ၁ဝ၃ဝဝ ဦးခန့်ကို ၂ဝ၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးငွေပေါင်း ကျပ်သိန်း ၆၅ဝဝဝ လျာထား ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။ လာမယ့်မေလ ၂၆ ရက်နေ့မှာစတင်ပြီး မိုးရာသီစိုက်ပျိုးစရိတ်တွေ ထုတ်ချေးပေးမှာ ဖြစ်ပြီး ၂ဝ၂ဝ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေနဲ့ အချိန်စေ့ ချေးငွေကြွေးကျန်မရှိတဲ့ ဒေသခံတောင်သူတွေကို ထုတ်ချေးပေး မှာဖြစ်ပါတယ်။ ဒီနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် မေလ ၂၆ ရက်နေ့ ကနေ စက်တင်ဘာလ ၃ဝ ရက်နေ့အထိ ထုတ်ချေးပေးမှာဖြစ်ပါတယ်’’ ဟု ခရိုင်ဘဏ်နေဂျာ ဒေါ်ခင်ဆွေမျိုးတင် က ပြောပြ၍ သိရသည်။
မိတ္ထီလာတွင် ကျေးရွာအုပ်စု ၅၅ အုပ်စုရှိ တောင်သူ ၁ဝ၃ဝဝ ဦးခန့်ထံသို့ ၂ဝ၂ဝ ခုနှစ်၌ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကျပ်သိန်းပေါင်း ၆၄၉ဝဝ ကျော်ကို ခရိုင်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က လျာထား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ