ကျောက်ဆည် မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးနှံများ စိုက်ပျိုးရာတွင် ဆည်ရေ၊မြစ်ရေ၊မြေအောက်ရေတို့ဖြင့် အမျိုးမျိုးစိုက်ပျိုးကြကြောင်း ယခုနှစ်တွင် ငရုတ်စိုက်ခင်းများ အပင်ဖြစ်ထွန်းပြီး အသီးထွက်နှုန်းကောင်းသဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက် ရှိကြောင်း ငရုတ်စိုက်ပျိုးသူများထံမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် (၆၉၂) ငရုတ်မျိုးများကို အဓိကထားစိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ် လွယ်ကူစေရန်အတွက် ဘောင်များပြုလုပ်၍ တစ်ပင်တန်း၊ နှစ်ပင်တန်း(စွယ်စုံ)ဟူ၍ စိုက်ပျိုးကြကြောင်း “ဒီနှစ်မှာတော့ ငရုတ်စိုက်ခင်းများအားလုံးလိုလို အပင်ကောင်းပြီး အသီးသီးနှုန်းလည်း ကောင်းကြတယ်၊ ငရုပ်သီးဆွတ်တဲ့ အလုပ်သမားတစ်ယောက်ကို ထမင်း၊ မုန့်ကျွေးကာ တစ်နေ့ (၄၀၀၀)ကျပ် ပေးငှားရပြီး ခူးဆွတ်တဲ့အခါ ငရုတ်သီးတစ်တင်းသာရပြီး ရောင်းဈေးကတော့ အသီးအပေါ်မူတည်ပြီး အသီးတစ်တင်းကို (၅၀၀၀)ကျပ်နဲ့(၆၅၀၀)ကျပ်အကြားရောင်းရတော့ တောင်သူတွေအနေနဲ့ အမြတ်ငွေမကျန်ကြောင်း” မင်းစုကျေးရွာမှ ငရုတ်စိုက်တောင်သူ ဒေါ်သန်းနွဲ့က ပြောပြသည်။
ငရုတ်တစ်ဧက စိုက်ပျိုးမည်ဆိုပါက ငွေကျပ်(၈၀၀၀၀၀)ကျပ်နှင့်(၁၀၀၀၀၀၀)ကျပ် ကုန်ကျစရိတ်ရှိပြီး အပင်ကောင်းပါက ရာသီကုန်သည်အထိ ငရုတ်တင်းပေါင်း(၂၀၀)တင်းခန့်ရရှိကြောင်းနှင့် ကျောက်ဆည် မြို့နယ်တွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သတ်မှတ်ထားသည့် တိုက်နယ် (၁၂)ခု တွင် ၂၀၂၀-၂၀၂၁ ခုနှစ်၌ တိုက်နယ်(၆)ခုတွင် ငရုတ်သီးနှံ(၁၂၁၈)ဧက စိုက်ပျိုး ထားရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)