ကျောက်ပန်းတောင်း မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်တူရွေးပဲ စိုက်ပျိုးတောင်သူများ ထွက်သလောက် ရောင်းချနေရပြီး ဈေးကောင်းရရှိနေခြင်းကြောင့် ကြက်တူရွေးပဲသီး စိုက်ပျိုးသည့် တောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ကြက်တူရွေးပဲ တစ်ဧကခွဲ စိုက်ပျိုး တောင်သူ ဒေါ်ဝိုင်းငြိမ်းထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ကုန်းတဲ၊ မုန့်ကုန်း၊ ဆပ်ပြာကျင်း၊ ညောင်ဖြူပင်၊ ညောင်ချိုင်း၊ ကင်မွန်းခြုံကျေးရွာများသည် ကြက်တူရွေးပဲ စိုက်ပျိုးခြင်းအား မြေအောက်ရေ အသုံးပြုစိုက်ပျိုးကြပြီး စတင်စိုက်ပျိုးချိန်က နတ်တော်လ၊ ပြာသိုလတို့တွင် စတင် စိုက်ပျိုးခဲ့ကြောင်း တပိုတွဲလ၊ တပေါင်းလတို့တွင် အပွင့်များစတင်ပွင့်ပြီး တန်ခူးလတွင် အသီးများ စတင်သီးကာ သီးပြီး ခုနှစ်ရက်ခန့်တွင် အသီးများစတင် ဆွတ်ခူး ရောင်းချနိုင်ခဲ့ကြောင်း၊ ပေါ်ဦးပေါ်စ ကြက်တူရွေး ပဲသီးများ တစ်ပိသာ ၁၂၀၀ ကျပ်ရောင်းချခဲ့ရပြီး၊ ကြက်တူရွေးပဲသီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သည့် ကဆုန်လ၊ နယုန်လတို့တွင် ကြက်တူရွေးပဲသီး တစ်ပိသာ ၈၀၀ကျပ ရောင်းချခဲ့ရကြောင်း၊ ကြက်တူရွေးပဲ စိုက်တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကြောင်းလည်း ကြက်တူရွေး ပဲစိုက် တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။
ကြက်တူရွေးပဲ စိုက်ပျိုးပြီး အပွင့်ပွင့်၊ အသီးသီးချိန်တွင် နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ ခူးဆွတ် ရောင်းချနေရပြီး ကြက်တူရွေးပဲ ပွဲစားများ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ တဆင့်ခံ ပွဲစားများမှလည်း ကြက်တူရွေး ပဲသီးတောင့်များအား မကွေး၊ ပခုက္ကူ၊ ညောင်ဦး၊ မြင်းခြံ၊ မိတ္ထီလာ၊ နတ်မောက်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရပြီး မြေအောက်ရေ အသုံးပြု စိုက်ပျိုးထားသည့် ကြက်တူရွေးပဲ စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။
ကိုထိန်၊KPD