မြစ်ကြီးနား မေ ၂၁
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံကျောင်းဖွင့်လှစ်ရေးတို့အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။
ကချင်ပြည်နယ်၏စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့်ပတ်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရေးဟု ထုတ်ပြန်ထားပြီးဖြစ်သည့်အတွက် ပြည်နယ်အတွင်း ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်းနှင့် စိုက်ပျိုးရေးအသိပညာနှင့် အတတ်ပညာဖြန့်ဝေရာ စိုက်ပျိုးရေးသိပ္ပံကျောင်းဖွင့်လှစ် သင်ကြားနိုင်ရေးကိုလည်း မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် မြစ်ကြီးနားစိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးဦးမျိုးသန့်က စိုက်ပျိုးရေးသိပ္ပံကျောင်းဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးဒီပလိုမာသင်တန်းသားများ မွေးထုတ်ပေးနိုင်မှုနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် စိုက်ပျိုးရေးဘာသာရပ်အပြင် မွေးမြူရေးဘာသာရပ်များ ထပ်တိုးသင်ကြားသွားမည့် အခြေအနေများနှင့် ကျောင်းအတွင်း သုံးရေလုံလောက်စေရေးလိုအပ် ချက်နှင့် လုံခြုံရေးကင်မရာတပ်ဆင်နိုင်ရေးနှင့် ထမင်းစားဆောင်တိုးချဲ့အဆောင် လိုအပ်ချက်များကို တင်ပြသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စိုက်ပျိုးရေးကဏ္ဍအတွက် ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် မွေးမြူရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မွေးမြူရေးလုပ် ငန်းများနှင့် ပတ်သက်ပြီး ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် ကောင်စီအဖွဲ့ဝင်များက ဒေသနှင့်ကိုက်ညီသည့်သီးနှံထုတ်ကုန်များနှင့်မွေးမြူရေးတိရိစ္ဆာန်များဖြစ် ထွန်းအောင်မြင်စေရေး အကြံပြုဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်၏ စိုက်ပျိုးရေး ထုတ်ကုန်သီးနှံအဖြစ် ဝဥစိုက်ပျိုးထုတ်လုပ်ရေးကို အားထည့်ဆောင်ရွက်ရေး၊ မျိုးစပါးစံပြစိုက် ကွက်များဖော်ဆောင်သွားရေး၊ ဈေးကွက်ရရှိစေရေးနှင့်မွေးမြူရေးကဏ္ဍတွင် တရုတ်နိုင်ငံတွင် ဈေးကွက်ရှိသည့် နွားမွေးမြူရေးလုပ်ငန်းများ တွင်ကျယ်စွာမွေးမြူသွားနိုင်ရေးတို့အတွက် စီမံချက် များရေးဆွဲတင်ပြရေးနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်