ကျိုင်းတုံ မေ ၂၀
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသဖွံ့ဖြိုးရေး(Clean and Green City)ရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျိုင်းတုံမြို့နောင်ခမ်းကန် အဆင့်မြှင့်ခြင်း လုပ်ငန်းများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဉက္ကဋ္ဌ ဦးရဲနိုင်နှင့်အဖွဲ့ဝင်များ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနနှင့် လွိုင်မွေဆောက်လုပ်ရေးကုမ္ပဏီတို့မှ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် နောင်ခမ်းကန်ပတ်လမ်း အရှည်ပေ ၁၆၆၀၊ အကျယ် ၁၂ ပေ ကွန်ကရစ် လမ်ခင်းခြင်း၊ ကန်ပတ်လည်အား ကျောက်စီမြေကာနံရံပြုလုပ်ခြင်း၊ လမ်းမီးတိုင်များထွန်းခြင်း၊ လေယာဉ်ကွင်းလမ်းဘက်နှင့် နောက်ခမ်းလမ်းဘက်တို့တွင် အုတ်ခုံပါစတီးသံပန်းပြုလုပ်ခြင်း၊ ပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရန် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဉက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ် စည်ပင် သာယာရေးဌာန တာဝန်ရှိသူများနှင့် လွိုင်မွေဆောက်လုပ်ရေးကုမ္ပဏီတို့မှ ရှင်းလင်းပြသခဲ့သည်။
အဆိုပါနောင်ခမ်းကန်သည် ပြည်တွင်း၊ ပြည်ပဧည့်သည်များ လာရောက်လည်ပတ် ဓာတ်ပုံရိုက်လေ့ရှိပြီး ကန်အတွင်း သာသနာ့ဗိမာန်တော်နှင့်စေတီတစ်ဆူတည်ထားကာ မြို့ကျက်သရေဆောင် ကန်တစ်ကန် ဖြစ်ကြောင်း သိရသည်။
အလားတူ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသဖွံ့ဖြိုးရေး(Clean and Green City) ရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျိုင်းငမ်း(၁)လမ်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် သစ်တစ်ပင်တောင် ရေပိုက်လိုင်း၊ သွယ်တန်းခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)