ပျဉ်းမနား မေ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာများတွင် မြစိမ်းရောင်(အသားကဏ္ဍ)မွေးမြူရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်(၁)နာရီက ရွာသစ်ကျေးရွာအုပ်စု၊ ကျွန်းကုန်း ကျေးရွာတွင် မြစိမ်းရောင်(အသားကဏ္ဍ)ဆဋ္ဌမအကြိမ် လွှဲပြောင်းပေးအပ်ခြင်းကို အဆိုပါကျေးရွာရှိ (KC)ခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က မြစိမ်းရောင်(အသားကဏ္ဍ)ဆဋ္ဌမအကြိမ် လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရေးအတွက် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အဟာရပြည့်ဝစေရန် ရည်မှန်းပြီး မြစိမ်းရောင် အသားကဏ္ဍကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိကြောင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြသော ပြည်သူများ အလုပ်အကိုင် ရရှိစေရေး၊ ပြည်သူများလက်ဝယ်ရှိသေချာသည့် ကုန်ထုတ်လုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင် ရွက်ရန် စီစဉ်နေကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒက္ခိဏခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာလှမျိုးသန့်က မွေးမြူးရေးဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ကြမည့် အသင်းဝင်(၁၅၂) ဦးတို့အတွက် ဝက်တစ်ကောင်လျှင်(၈၀၀၀၀)ကျပ်နှုန်းဖြင့် မြစိမ်းရောင်(အသားကဏ္ဍ) ဆဋ္ဌမအကြိမ် လည်ပတ်ရန်ပုံ ငွေကျပ် (၄၆၀၆၀၀၀၀)သိန်းကို ကျေးရွာမြစိမ်းရောင်(အသားကဏ္ဍ)ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဝင် များထံသို့ လွှဲပြောင်းပေးသည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာမြစိမ်းရောင်(အသားကဏ္ဍ)ပုံငွေ ကြီးကြပ် ရေးကော်မတီဝင်များနှင့် အသင်းဝင်များတက်ရောက်ကြကြောင်း သိရသည်။
စိုးမိုးအောင်