ငါန်းဇွန်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ် မျိုးမျိုး ထုတ်ပေးရေး ကွင်းဆင်းဆောင်ရွက်

ငါန်းဇွန်  မေ ၂၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ မေ ၁၇ ရက်နေ့မှ ယနေ့အထိ မဂျီကျေးရွာအုပ်စုနှင့် ရွာသစ်ကျေးရွာအုပ်စုတို့၌ မြို့နယ် လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးလျက် ရှိကြောင်း  သိရသည်။

 ထိုသို့ ပန်းခင်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် ဗိုလ်မှူးနေမင်းထိုက်၊ ဦးအေးလှိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနရုံး ဦးစီးအရာရှိ ဦးလှသိန်းတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးဝန်ထမ်းများ၊ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် စာရေးဝန်ထမ်းများပူးပေါင်း၍  သက်ဆိုင်ရာကျေးရွာတွင် နေထိုင်လျက်ရှိသော ဒေသခံ ပြည်သူများအား မွေးရာပါနိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး၊ ပန်းခင်းစီမံချက်အရ နေထိုင်မှုပုံစံများအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ရပ်ကွက် (၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၄၄) အုပ်စုရှိရာ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံး ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အဆိုပါ ရပ်ကွက်/ကျေးရွာများအရောက် အလှည့်ကျကွင်းဆင်းပြီး ပန်းခင်းစီမံချက်လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၃.၅.၂၀၂၁)ရက်နေ့မှ (၃.၇.၂၀၂၂) ရက်နေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

သက်နောင်ဦး(ငါန်းဇွန်)