မြင်းခြံ မေ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့သည် နွေရာသီတွင် အလွန်ပူပြင်းခြောက်သွေးသည့် အတွက် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန် ၂၀၂၁ ခုနှစ် မိုးရာသီအတွင်း စိုက်ပျိုးနိုင်ရန်အတွက် မြင်းခြံမြို့နယ် သစ်တော ဦးစီးဌာနမှ ပျိုးပင်ပေါင်း ၂၀၀၀၀ ကို ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
"မြင်းခြံမြို့နယ် သစ်တောဦးစီးဌာနအနေနဲ့ ၂၀၂၁ ခုနှစ် မိုးရာသီအတွင်း လူထုဖြန့် ပျိုးပင် ၂၀၀၀၀ ကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်။ ပျိုးပင်များကိုလည်း မြေဆွေး သုံးဆ၊ နွားချေး နှစ်ဆ၊ သဲ တစ်ဆ ဖြင့် ရောစပ်ပြီး အမြင့် ၇ လက်မ အချင်း ၃ လက်မရှိသည့် မျိုးအိတ်များဖြင့် စနစ် တကျ ပျိုးထောင်ထားပါတယ်။ ပျိုးထောင်ထားတဲ့အပင်တွေက ကျွန်း ၁၀၀၀ ပင်၊ မယ်ဇယ် ၁၁၅၀ ပင်၊ တမာ ၃၇၀၀ ပင်၊ ဗန်ဒါ ၃၀၀၀ ပင်၊ ရေတမာ ၁၅၀၀ ပင်၊ သင်္ဘောကုက္ကိုလ် ၃၀၀၀ ပင်၊ မြန်မာ ကုက္ကိုလ် ၁၀၀၀ ပင်၊ မယ်ဇလီ ၁၀၀၀ ပင်၊ လျှော်ဖြူ ၃၀၀၀ ပင်၊ စိန်ပန်း ၆၅၀ ပင်၊ ယူကလစ် ၁၀၀၀ ပင် စုစုပေါင်း ပျိုးပင် ၂၀၀၀၀ ကို ပြည်သူများအား အခမဲ့ ဖြန့်ဝေးပေးသွားမည်ဖြစ်ကြောင်း" မြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဌေးက ပြောသည်။
မြင်းခြံမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ ပြန်လည်ကောင်းမွန် စေရန်နှင့် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် သစ်ပင်များစိုက်ပျိုးရန် အတွက် ပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာနသို့ အခမဲ့ လာရောက်ယူနိုင်ကြောင်း သိရသည်။
ကျော်စွာ